Wednesday 4 January 2012

တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များ

ကချင်ပြည်နယ်နေ့ ၁၀ ဇန္န၀ါရီလ
ကချင်ပြည်နယ် အသိအမှတ်ပြုသည့် ၁၉၄၈ ခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့ကို အစွဲပြုသည်။ နှစ်စဉ် ဇန္န၀ါရီ ၁၀ ရက် ကျ ရောက်တိုင်း ကချင်တိုင်းရင်းသားလူမျိုးများသည် ကချင်မနောပွဲအဖြစ်ကျင်းပကြသည်။

ကယား (ကရင်နီ) အမျိုးသားနေ့ ၂၁ ဇွန်
မြန်မာ ဘုရင် မင်းတုန်းမင်း၏ ကိုယ်စားလှယ် ကင်းဝန်မင်းကြီး နှင့် ဗြိတိသျှ အစိုးရ ကိုယ် စားလှယ် ဒေါက်ကလပ် တို့က ကရင်နီလူမျိုးများသည် လူမျိုးအင်္ဂါရပ်နှင့် ပြည့်စုံသည့် သီးခြား လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုကြောင်း လက် မှတ်ရေး ထိုးခဲ့သည် ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကို အစွဲပြုသည်။ ကရင်နီလူမျိုးများသည် မြန်မာလူမျိုးများက သော်လည်း ကောင်း၊ ဗြိတိသျှ လူမျိုးများ က သော်လည်းကောင်း ၊ မည်သည့် တိုင်းတပါး လူမျိုးခြားများ၏ လက်အောက် သို့ မကျ ရောက်ခဲ့ဘူးပေ။

ကရင်အမျိုးသားနေ့ ၁၁ ဖေဖေါ်ဝါရီ
၁၉၄၈ ဇန္န၀ါရီလ (၄) ရက်နေ့နောက်ပိုင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် ကရင်ပြည်သူ လေးသောင်းက မြန်မာအစိုးရ ထံတွင် ကရင်ပြည် ငြိမ်းချမ်းရေး၊ တန်းတူရေးအတွက် ဆန္ဒပြခဲ့နေ့ကို အစွဲပြုသည်။ ကရင် ပြက္ခဒိန် နှစ်တွက်ချက်မှုအရ ကရင်နှစ်သစ်ကူးနေ့ အဖြစ် ကျင်းပသည်။

ချင်းအမျိုးသားနေ့ ၂၀ ဖေဖေါ်ဝါရီ
ချင်းလူမျိုးများကျင့်သုံးခဲ့သည့် မြေရှင် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်အစား လူထု ကိုယ်စားလှယ်များ အုပ်ချုပ်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးရန် ချင်းပြည်သူလူထု ၄ ထောင်ကျော် တက်ရောက်သည့် ဖလမ်းမြို့ လူထု ညီလာခံကြီးက တခဲ နက် ဆုံးဖြတ်သည့် ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကို အစွဲပြုသည်။ ထို့အတူ ချင်းပြည်နယ် နှင့် နယ်မြေချင်း တဆက်တစပ်တည်းရှိသော အန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် နေထိုင်သည့် မီဇိုလူမျိုးများ၏ ဖခင်ကြီး Laldenga ကလည်း ဖေဖေါ်ဝါရီ ၂၀ ကို ရွေးချယ်ပြီး အိန္ဒိယ အစိုးရ နှင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ နေ့ရက်ကို မီဇိုရမ်ပြည်နယ်နေ့ အဖြစ်လည်း သတ်မှတ်ခဲ့ကြသည်။

ဗမာအမျိုးသားနေ့ ၁၀ အောက်တိုဘာ
ဗမာပြည်တက္ကသိုလ်ကျောင်းသားများက ၁၉၂၀ ခုနှစ် တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်ဆန္ဒပြသည့် ဗမာပြက္ခဒိန် တန် ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့( အောက်တိုဘာ ၁၀) ကို အစွဲပြု သည်။ တနိုင်ငံလုံး တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်။
မွန်အမျိုးသားနေ့ ၀၁ ဖေဖေါ်ဝါရီလ
မွန်မင်းသား Samala နှင့် Wiamala တို့က အေဒီ ၅၂၈ ခုနှစ်တွင် မွန်နိုင်ငံတော် တည်ထောင်သည့် မွန်ပြက္ခဒိန် အရ 1st waning day of Lunar Month February ကို အစွဲပြုသည်။

ရခိုင်အမျိုးသားနေ့ ၃၁ ဒီဇင်ဘာလ
ရခိုင်လူမျိုးများသည် မြန်မာ ဘုရင်က ရခိုင်အချုပ်အချာအာဏာကို လုယူသည့် သို့မဟုတ် ရခိုင်လူမျိုးများက ၄င်းတို့ရဲ့ အချုပ်အချာအာဏာ ဆုံးရှူံးသည့် ဒီဇင်ဘာ ၃၁ ရက်နေ့ကို အဓိပါယ်ရှိစွာ ကျင်းပလေ့ ရှိကြသည်။ အဆိုပါ နေ့ရက်သည် ရခိုင် အမျိုးသားနေ့ဟုလည်း မဆိုသာပါ။
ရှမ်းအမျိုးသားနေ့ ၀၇ ဖေဖေါ်ဝါရီ
ရှမ်းစော်ဘွား၊ ရှမ်းပြည်သူလူထု ကိုယ်စားပြု နိုင်ငံရေးခေါင်းဆောင်များက ဗြိတိသျှ လက် အောက်မှ တညီတညွတ် တည်းလွတ်လပ်ရေးရယူရန် သဘောတူညီမှုရယူသည့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့ကို အစွဲပြုသည်။ တဆက် တည်း ရှမ်းအမျိုးသားသီချင်း၊ ရှမ်းအမျိုးသားအလံ နှင့် ရှမ်းကောင်စီကိုလည်း ၁၅ ဖေဖေါ်ဝါရီတွင် ဖွဲ့စည်းတည်ထောင် ခဲ့ကြသည်။
စစ်အာဏာရှင်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုး၊ ဘာသာ၊ သာသနာကို မည်သို့ပင် ၀ါးမျိုးဖို့ ကြိုးစား နေပ လေ့စေ ကမ္ဘာတွင် ကချင်၊ ကယား( ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများ ရှိနေသရွေ့ ၄င်းတို့၏ အမျိုးသား ရှင်သန်ရပ်တည်မှူ၊ အမျိုးသား ဂုဏ်အင်လက္ခဏာများသည် ဆက်လက်ရှင်သန်နေဦးမည်သာ…

http://khonumthungburmese.org

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites